မြန်မာမော်ဒယ်လ် ဇွန်သံစဉ် Luxury Brand Models Awards 2015 ဆု ရရှိ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မေလ ၂၇ ရက်နေ့က ကျင်းပသည့် Luxury Brand Models Awards 2015 ဆုနှင့် Beauty Model Star ဆုတို့ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ်လ် ဇွန်သံစဉ် ရရှိခဲ့သည်။ ယင်းပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် မော်ဒယ်လ်များနှင့်အတူ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် အမျိုးသား မော်ဒယ်လ် နှစ်ဦးဖြစ်သည့် မျိုးဇော်အောင်၊ လင်းနေတို့နှင့်အတူ ဇွန်သံစဉ်က သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပေါင်း ၃၀ ကျော်က လာရောက်ယှဉ်ပြိုင်သည့် ယင်းပြိုင်ပွဲတွင် Winner ဖြစ်ခဲ့ပါက ကိုရီးယား နိုင်ငံမှ နာမည်ကျော် Brand (အမှတ်တံဆိပ်) များအတွက် တီဗီကြော်ငြာ ရိုက်ကူးခွင့်ရမည် ဖြစ်ကြောင်း ဇွန်သံဇဉ်က အဆိုပါပြိုင်ပွဲသို့ မသွားရောက်ခင် ပြောကြားခဲ့သည်။ “သူနဲ့ အစ်မနဲ့က ပထမတစ်ကြိမ် ကိုရီးယားမှာလုပ်တဲ့ Asia New Star ပြိုင်ပွဲကို သူသွားပြိုင်တုန်းက အတူတူ သွားခဲ့ဖူးတယ်။ ဒီတစ်ခေါက် ပြိုင်ပွဲအတွက်ကတော့ အစ်မက သူ့ကို ပုဂံဝတ်စုံလေး ချုပ်ပေးခဲ့တယ်။ ဒီတစ်ခေါက်က အချိန်လည်း သိပ်မရတာရယ်၊ သူကိုယ်တိုင်ကလည်း ပုဂံဝတ်စုံလေး ဝတ်ချင်တယ် ဆိုတာနဲ့ အမြန်စီစဉ်ပေးလိုက်တာပါ။ အခုလို ဆုရသင့်တဲ့ ကလေးတစ်ယောက် ဆုရသွားတဲ့အတွက် အစ်မ ဝမ်းသာပါတယ်” ဟု ဇွန်သံစဉ်အတွက် ပြိုင်ပွဲတွင် ဝတ်ဆင်ယှဉ်ပြိုင်ရန် National Costume ဝတ်စုံကို ချုပ်ပေးခဲ့သည့် ဒီဇိုင်နာ မပုံ့က ဆိုသည်။ မြန်မာနိုင်ငံမှ မော်ဒယ်လ်တစ်ဦး နိုင်ငံတကာအဆင့် ပြိုင်ပွဲတစ်ခုတွင် ဆုရခဲ့သည့်အပေါ် ဝမ်းသာဂုဏ်ယူမိ ကြောင်း၊ ရှေ့ဆက်လျှောက်လှမ်းမည့် အနုပညာ လမ်းခရီးတွင်လည်း အောင်မြင်မှုများစွာ ရရှိစေချင်ကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် အလှမယ်များ အတွက်လည်း ပိုမိုအားတက်စေမည့် သတင်းကောင်းတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် Asia New Star Model ပြိုင်ပွဲတွင် Grand Prize ဆု ရရှိခဲ့ဖူးသည့် မော်ဒယ်လ် ထွန်းကိုကိုက ပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာအလှမယ် မေမြတ်နိုးက Winner ဆု ဆွတ်ခူးရရှိခဲ့ဖူးသည်။
Credit to: The Voice Daily Newspaper
28/May/2015