ဗြိတိန်ဂီတဆုပေးပွဲတွင် အဒဲက အဓိက ဆုလေးဆုရရှိ


လန်ဒန်တွင် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့သည့် ဗြိတိန်ဂီတဆုပေးပွဲ Brit Awards ၌ အဒဲက တစ်နှစ်တာ အယ်လ်ဘမ်ဆု၊ အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု၊ HELLO သီချင်းဖြင့် တစ်နှစ်တာ သီချင်းဆု အပါအ၀င် ဆုလေးဆု ရရှိခဲ့သည်။ “၂၅ အယ်လ်ဘမ်အတွက် ပြင်ဆင်ရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒီဆုကို ကျွန်မရဲ့ အိမ်ထောင်ဖက်အတွက် ရည်စူးပါတယ်” ဟု အဒဲက ပြောကြားခဲ့သည်။ အဒဲ၏ ၂၅ အယ်လ်ဘမ်သည်  ၂၀၁၅ ခုနှစ် ဂရမ်မီဆန်ခါတင် စာရင်းပိတ်သည့် ကာလတွင် ဖြန့်ချိခဲ့မှုကြောင့် ဆုနှင့် လွဲချော်ခဲ့ရသည်။ အဒဲ၏ တတိယမြောက် အယ်လ်ဘမ် ၂၅ သည် ယူကေတွင် ချပ်ရေ ၂ ဒသမ ၇၃ သန်းနှင့် ကမ္ဘာတစ်ဝန်း ချပ်ရေ ၁၅ သန်းကျော် ရောင်း ချနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၏ ရောင်းအား အကောင်းဆုံး အယ်လ်ဘမ်အဖြစ် စံချိန်တင်ခဲ့သည်။ “၂၁ အယ်လ်ဘမ်ဖြန့် ပြီး လေးနှစ်လောက် ဂီတနဲ့ အဆက်ပြတ်နေပေမယ့် ကျွန်မကို အားပေးကြိုဆိုမှုတွေရလို့ ကျေးဇူးတင်ပါတယ်” ဟု အဒဲက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ အစောပိုင်းက ပြုလုပ်ခဲ့သည့် ဂရမ်မီဆုပေးပွဲ ဖျော်ဖြေပွဲတွင် ကီးမမှန်ခဲ့သည့် သီဆိုမှုကြောင့် တစ်နေ့လုံး ငိုခဲ့ရသည်ဟု အဒဲက ပြောကြားခဲ့သည်။ ထုတ်လုပ်သူ Dr.Luke နှင့် တရားရင်ဆိုင်နေရ သည့် အမေရိကန်အဆိုတော် ကီရှာကို လူသိရှင်ကြား ထောက်ခံ အားပေးလိုသည်ဟု  ယင်းဆုပေးပွဲတွင် ပြောကြား ခဲ့သည်။ ယခုနှစ် ဆုပေးပွဲတွင် ဂျိမ်းစ်ဘေးက အကောင်းဆုံး ဗြိတိန်အမျိုးသား အဆိုတော်ဆုကို ရရှိခဲ့ပြီး  ဗြိတိန်ရော့ခ်အဖွဲ့ Coldplay က အကောင်းဆုံး ရော့ခ်အဖွဲ့ဆုကို ရရှိခဲ့သည်။ နိုင်ငံတကာ အမျိုးသား အဆိုတော်ဆု ကို ဂျက်စတင်ဘီဘာက ရရှိခဲ့ပြီး အမျိုးသမီး အဆိုတော်ဆုကို Gjork က ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် Brit Awards ၏ ဖျော်ဖြေပွဲ အစီအစဉ်တွင် အဒဲ၊ ရီဟားနား၊ ဂျက်စတင်ဘီဘာ၊ လော့ဒ်၊ Coldplay၊ The Weekend နှင့် Little Mix တို့လည်း ဖျော်ဖြေခဲ့သည်။ ရီဟားနားသည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဗြိတိန်တွင် ပထမဆုံးအကြိမ် ဖျော်ဖြေမှု၌ သူ၏ သီချင်းသစ် Work ကို ဒရိတ်နှင့် တွဲဖက် ဖျော်ဖြေခဲ့သည်။ ကွယ်လွန်သူ ဗြိတိန်ရော့ခ် အဆိုတော် ဒေးဗစ်ဘိုဝီ၏ ဂီတအား ဂုဏ်ပြုသည့် ဖျော်ဖြေမှုကို ဗြိတိန်အဆိုတော် အန်းနီးလန်နော့က စတင်ခဲ့သည်။ နယူးဇီလန်အ ဆိုတော် လော့ဒ်သည် ဘိုဝီ၏ အောင်မြင်ကျော်ကြားသည့် Life On Mars သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။
Credit to: Weekly Eleven
29/Feb/2016