အားကစားသတင်း
 RSS Help
Search:  





 

စည်းကမ်းဖောက်ဖျက်သည့် ကစားသမားများကို ကလပ်
အသင်းများတွင် ကစားခွင့်
ပိတ်ပင်မည်
လက်ရွေးစင် ဘောလုံးအသင်းအတွက် ကစားလိုစိတ် မရှိသော ကစားသမားများနှင့် စည်းကမ်း ဖောက်ဖျက်သော ကစားသမားများကို ကလပ်အသင်းများ၌ပါ ကစားခွင့် ပိတ်ပင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ “လက်ရွေးစင် အသင်းအတွက် ကစားပေးခြင်း မရှိသော၊ စည်းကမ်း မကောင်းသော၊ ဖောက်ဖျက်သော ကစားသမားအားလုံး မြန်မာနေရှင်နယ်လိဂ် ပွဲတွေမှာ လုံးဝ ကစားခွင့် မပြုပါဘူး” ဟု မေလ ၉ ရက်က နိုဗိုတယ် ဟိုတယ်၌ ပြုလုပ်ခဲ့သည့် လက်ရွေးစင် အသင်းများ၏ ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဇော်က ပြောကြားသည်။ စည်းကမ်း မလိုက်နာသည့် ကစားသမားများကို အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေး ဆုံးမမည် ဖြစ်သော်လည်း လက်ရွေးစင် အသင်းနှင့် နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းသည်အထိ လွန်ကျူးစွာ စည်းကမ်းဖောက်ဖျက်သည့် ကစားသမားများကို မည်သည့် ပြည်တွင်း ကလပ်အသင်းတွင်မှ ကစားခွင့်ပြုမည် မဟုတ်ကြောင်း ဦးဇော်ဇော်က လက်ရွေးစင် ကစားသမားများအား သတိပေးခဲ့သည်။ “ဥက္ကဋ္ဌက အားလုံးကို ကောင်းစေချင်လို့ စေတနာနဲ့ သတိပေးတာပါ။ ဘောလုံးသမားတွေ အနေနဲ့လည်း လက်ရွေးစင်အဆင့် ရောက်မှ မဟုတ်ပါဘူး။ ကလပ် အသင်းတွေမှာ ကစားနေရင်လည်း စည်းကမ်းတကျ နေထိုင်ပြုမူဖို့ ကြိုးစားမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ” ဟု မြန်မာ့ လက်ရွေးစင် အသင်းခေါင်းဆောင် ခင်မောင်လွင်က ပြောသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လက်ရွေးစင် ဘောလုံးသမားများ၏ စည်းကမ်းပိုင်းနှင့် ပတ်သက်၍ ယခင်ကလည်း သတိပေးမှုများ ပြုလုပ်ခဲ့ဖူးပြီး စည်းကမ်းဖောက်ဖျက်သည့် ကစားသမားများကို အရေးယူမှုပိုင်းတွင်မူ အားနည်းမှုများ ရှိသည်ဟု အားကစား ကလောင်ရှင် အလင်းဖြူက ပြောသည်။ “စင်ကာပူမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ဆူဇူကီးဖလား ပြိုင်ပွဲမှာ လက်ရွေးစင် ကစားသမားသုံးဦး စည်းကမ်းဖောက်ဖျက်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်လာတယ်။ ဒါပေမယ့် အဖွဲ့ချုပ် အနေနဲ့ စစ်ဆေးဖော်ထုတ်မှု ပြုလုပ်တာလည်း မရှိဘူး။ မသိရဘူး။ သတင်း ထုတ်ပြန်တာလည်း မရှိပါဘူး။ တကယ်လို့ အပြစ်ရှိတယ်ဆိုရင် အရေးယူမှုတွေ ပြုလုပ်ရမှာပါ။ ကစာသမားကောင်းတွေ ရှားပါးနေတဲ့ အခြေအနေမို့လို့ အရေးယူမှု မပြုတာလား ဆိုရင်တော့ မဖြစ်သင့်ပါဘူး။ စည်းကမ်းဖောက်ဖျက်တဲ့ ကစားသမားတွေ မပါလည်း တခြားကစားသမားတွေနဲ့ပဲ ပြိုင်ပွဲ သွားပြိုင်သင့်ပါတယ်” ဟု အားကစား ကလောင်ရှင် အလင်းဖြူမှ ပြောသည်။ (7 Day News ၊ မေ ၁၃၊ ၂၀၁၅)


More News   

Copyright © 2008 Khit Lu Nge
All Right Reserved