ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့၌ ဇူလိုင်လ ၂၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းလိုက်နံပုန်း ချောင်းရှိ ပေ ၉၀ ခန့်ရှည်သော ဘေလီတံတား၏ ကြမ်းခင်းအထိ ရေမြင့်တက်ခဲ့ပြီး ရေတိုက်စားခဲ့ရာ မိုင်းယောင်းမြို့ ကျောက်စီကမ်းကပ်ခုံ တစ်ဖက်လုံးပြုတ်ကျသွားခဲ့သဖြင့် ၃၀ ဒီဂရီခန့် သံပေါင်တိမ်းစောင်း ကျသွားခဲ့ကြောင်းနှင့် ယင်းတံတား ပျက်စီးမှုကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက တံတားအမြန်ပြန်ကောင်းမွန်ရေး ဝိုင်းဝန်းပြုပြင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။ အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့၌လည်း ဇူလိုင် ၂၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီးသွား ကားလမ်းမိုင်တိုင်အမှတ် (၃၆)နှင့် (၃၇) အကြား လမ်းဘေးဝဲ၊ ယာရှိတောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်းနှင့် မော်တော်ယာဉ် များဖြတ်သန်း သွားလာနိုင်ရေးအတွက် လမ်းပိတ်ဆို့မှုအား တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြ ထားပါသည်။