Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
“စာနာတဲ့ ခေါင်းဆောင်”

5/Oct/2015

E-Mail this article Printable Version
    အမေရိကန်က အမေဇုန်ကုမ္ပဏီရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့၊ သူ့ရဲ့ဝန်ထမ်းတွေကို စာရေးပေးရာမှာ “စာနာတတ်မှု မရှိတာကို လုံးဝသည်းမခံနိုင်ဘူး” လို့ ဖော်ပြထားတာ တွေ့ရတယ်။ လူသားချင်း စာနာတတ်မှု ရှုထောင့်တစ်ခုတည်းက ကြည့်ပြောတာမဟုတ်၊ ခေါင်းမာတတ်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယာက်အတွက်လည်း၊ စာနာတတ်တာဟာ၊ လူတွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။
    အမေရိကန်နဲ့ တခြားနိုင်ငံတွေကို သွားရောက်ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ၊ စီးပွားရေး လောကက ခေါင်းဆောင်တွေကို၊ ဒီနေ့ အင်တာနက်သုံး၊ ကမ္ဘာဖြန့် စီးပွားရေးခေတ်မှာ၊ အောင်မြင်တဲ့ အမှုဆောင် အရာရှိတစ်ယောက်ဖြစ်ဖို့၊ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲလို့ မေးမြန်းကြည့်တဲ့အခါ၊ အဓိက အရည်အချင်း ငါးခုလို့ ဖြေတယ်။ လိုက်လျောညီထွေ ဆောင်ရွက်တတ်မှု၊ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ထိတွေ့တွေးခေါ် ဆက်ဆံ၊ လှုပ်ရှား၊ သွားလာဆက်ဆံနိုင်မှုစွမ်းရည်၊ ပြဿနာတွေ၊ အဖြေတွေကို ဘက်စုံဒေါင့်စုံက တွေးမြင်သုံးသပ်နိုင်မှု၊ အသိပညာရှာမှီးမှုနဲ့ နောက်ဆုံးအချက်က၊ စာနာတတ်မှုလို့ ဖြေကြတယ်။ အဲဒီ “အပျော့စား” အရည်အသွေးတွေဟာ၊ အားလုံးပေါင်းလိုက်တဲ့အခါ၊ လောကအမြင်ကို ပြောင်းလဲသွားစေတယ်။ စီးပွားရေး လောကကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားတဲ့၊ ယန္တရားဆန်ဆန် အမြင်နဲ့ သမားရိုးကျ အမြင်တွေနဲ့ သိသိသာသာ ကွဲပြားသွားစေတယ်။
    တကယ်တော့၊ ဒီနေ့ခေတ်လို၊ အကြိတ်အနယ်၊ အပြိုင်အဆိုင် လုပ်တာတွေ၊ တိုးပွားလာတဲ့ခေတ်မှာ၊ တင်းတင်းမာမာ၊ ရဲရဲရင့်ရင့် လုပ်ဆောင်တာ၊ ဇွဲရှိတာတွေက ပိုပြီး အရေးကြီးမယ်လို့ ထင်စရာပါ။ ဒါပေမယ့် တွေ့ရတဲ့အဖြေက၊ အဲဒီအရာတွေထက်၊ စာနာမှုက ပိုပြီးအရေးပါနေတယ်ဆိုတာ တွေ့ရတယ်။ အရေးအပါဆုံး ဖြစ်နေတာကို တွေ့ရတယ်။ ပြီးတော့ စာနာမှုဟာ၊ ဖျော်ဖြေရေးလောက၊ အိုင်တီ၊ လူထုဆက်ဆံရေး နယ်ပယ် အသီးသီးမှာ သာမက၊ နိုင်ငံအသီးသီးမှာပါ၊ အရေးပါတာကို တွေ့ရတယ်။ ရောမက စတင်တည်ထောင်ကာစ လုပ်ငန်းတွေအစ၊ ပြင်သစ်က ကြော်ငြာလုပ်ငန်းတွေအဆုံး၊ အားလုံးမှာ အရေးပါတယ်။ Facebook မှာတောင် Like လုပ်ရုံမဟုတ်၊ စာနာမှု (Empathy) လုပ်နိုင်ဖို့ စဉ်းစားလာတာ တွေ့ရတယ်။
    တကယ်တော့၊ စာနာတယ်ဆိုတာ၊ ခံစားမှုဆိုင်ရာ အရည်အသွေး တစ်ခုဖြစ်ပြီး၊ ယဉ်ကျေးမှု စွမ်းရည်နဲ့လည်း ဆက်စပ်နေပါတယ်။ စာနာမှုရှိတယ်ဆိုတာ၊ တခြားလူရဲ့ ရှုဒေါင့်က မြင်တတ်တာ၊ သူများနဲ့မတူ တမူထူးခြားတဲ့ သူတစ်ပါးရဲ့အမြင်ကို နားလည်တတ်တာပါပဲ။
    ဟိုတုန်းက၊ ကိုယ့်ပရိသတ်၊ ကိုယ့်ဖောက်သည်လို့ ပြောလိုက်ရင်၊ ကိုယ်လုပ်သမျှ ခံတဲ့သူတွေ၊ လိုက်နာတတ်တဲ့လူနာတွေ၊ အေးအေးဆေးဆေးသမားတွေလို့ မြင်ကြတယ်။ ဒါတွေအားလုံးဟာ၊ အခု ရှေးဟောင်းပစ္စည်းတွေ ဖြစ်သွားပြီ။ ဟိုတုန်းကတော့ ရောင်းသူကနေ ဝယ်သူဆီကို တစ်လမ်းပဲ သွားတာကိုး။ ပြန်ပြောတာမှ မရှိတာ။ အခုခေတ်က နှစ်လမ်းသွား ဖြစ်နေပြီ။ ပရိသတ်က အမျိုးမျိုး၊ အသံကအမျိုးမျိုး၊ သူတို့မှာ ပြောရေးဆိုခွင့် ရှိလာကြတယ်။ သူတို့ပြောတာကို နားထောင်ရင် နားထောင်၊ နားမထောင်ရင်၊ တခြားသွားမယ်တွေ ဖြစ်လာကြပြီး၊ သူတို့ဘယ်သူတွေလဲ၊ သူတို့ဘာဖြစ်ချင်သလဲ သိဖို့က၊ စာနာမှုရှိဖို့ လိုအပ်တယ်။
    အမေရိကန်၊ ဂျာမနီ၊ ဂျပန်နဲ့ ကမ္ဘာ့တခြားဒေသတွေက၊ အမျိုးမျိုးကွဲပြားနေတဲ့ ဈေးကွက်တွေကို နားလည်ဖို့ အတွက်လည်း၊ စာနာမှုရှိဖို့ လိုအပ်တယ်။ နည်းပညာ၊ အတတ်ပညာတွေ တတ်နေရုံ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ပညာတွေ၊ မိုးပျံအောင် တတ်နေရုံနဲ့ မပြီးတော့ဘူး။ တခြားယဉ်ကျေးမှုတွေက ဘာတွေကို ကြိုက်သလဲ၊ ဘာတွေရွေးချယ်ကြသလဲဆိုတာ၊ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်နဲ့ စိတ်ဝင်စားဖို့ လိုတယ်။ နားလည်ဖို့ လိုအပ်တယ်။
    ဈေးကွက်ထဲမှာသာမက၊ ကိုယ့်အဖွဲ့အစည်းထဲမှာလဲ၊ စာနာမှုရှိဖို့ အရေးကြီးတာပဲ။ ကုမ္ပဏီ အတော်များများဟာ၊ အထက်အောက် တင်းတင်းကြပ်ကြပ် ခွဲခြားတာမျိုး မရှိတော့ဘူး။ တစ်လမ်းသွား အမိန့်ပေးစနစ်မျိုး မဟုတ်တော့ဘူး။ ပူးပေါင်းဆောင်ရွက်မှုရှိရင်၊ ပိုကောင်းတဲ့ ရလာဒ်တွေ ထွက်ပေါ်လာနိုင်တယ် ဆိုတာကို သဘောပေါက်နေကြပြီ။ သူသေကိုယ်သေ ပြိုင်တာထက်၊ ပေါင်းလုပ်တာက ပိုကောင်းတယ် ဆိုတာကို၊ သဘောပေါက်လာကြပြီး၊ လုပ်ငန်းရဲ့ အောင်မြင်မှုဟာ၊ ဆက်ဆံရေးတွေ၊ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်ရေးတွေအပေါ်မှာ၊ မူတည်နေကြောင်း တွေ့လာကြတယ်။ ကိုယ့်ဘက်ပါအောင် ထိထိရောက်ရောက် ဆွဲဆောင်နိုင်ဖို့က၊ စာနာနိုင်စွမ်း ရှိရပါမယ်။
    အမေရိကန်မှာ ၁၉၈၀ နဲ့ ၂၀၀၀ ကြား မွေးတဲ့သူတွေက၊ တယ်လီဖုန်းကို ငုံ့ကြည့်နေရင်းနဲ့ ကိုယ့်ကို စကားပြောတတ်တဲ့ လူစားမျိုးတွေ၊ ဒါပေမယ့်၊ တဘက်မှာတော့၊ သူတို့ဟာ၊ ကိုယ့်ကိုယ်ကို စွဲလမ်းလွန်းတဲ့သူတွေ မဟုတ်ပြန်ဘဲ၊ သူတို့တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့၊ လူမှုရေးတာဝန် ကျေပြွန်တဲ့၊ စီးပွားရေး လုပ်ငန်းတွေမှာ၊ အလုပ်လုပ်ချင်တဲ့သူတွေ ဖြစ်နေတာ တွေ့ရပြန်တယ်။ တစ်ကိုယ်ကောင်းပဲ ဆန်ဆန်၊ ပရဟိတစိတ်ဓါတ်ပဲရှိရှိ၊ အဲဒီအသက် (၁၅) နှစ်နဲ့ (၃၅) နှစ်ကြားမှာရှိတဲ့ သူတွေဟာ သန်း (၈၀) ရှိပြီး၊ လုပ်ငန်းခွင်တွေကို ကြီးစိုးထားကြတယ်။ သူတို့ကို ဦးဆောင်ဖို့၊ စီမံခန့်ခွဲနိုင်ဖို့ဆိုရင်၊ သူတို့တစ်ယောက်ချင်းရဲ့ အကြောင်းကို၊ ကောင်းကောင်းသိဖို့ လိုတယ်။ အားလုံးကိုခြုံပြီး အကြမ်းဖျင်း နားလည်တာမျိုး မဟုတ်၊ သေသေချာချာ နားလည်ဖို့ဆိုရင်၊ စာနာမှုရှိဖို့ လိုအပ်တယ်။
    အများအားဖြင့်၊ “စာနာမှု” ရှိတာ ကောင်းတယ်လို့ ဆိုပေမယ့်၊ စီမံခန့်ခွဲသူတွေ၊ ခေါင်းဆောင်တွေ အားလုံးက စာနာမှုရှိတတ်တာတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်း၊ ဟားဗဒ်တက္ကသိုလ်က ထွက်သွားပြီး၊ ရာထူးကြီးကြီး ရနေတဲ့သူတွေကို လေ့လာကြည့်လိုက်တော့၊ အလတ်တန်း မန်နေဂျာတွေ၊ အကြီးတန်း အမှုဆောင် အရာရှိတွေမှာ၊ စာနာမှု အနည်းဆုံး ဖြစ်နေတာ တွေ့ရတယ်။ ဒီရာထူးရထားတဲ့ သူတွေရဲ့၊ လုပ်ရပ်တွေဟာ၊ လူတွေအများကြီးရဲ့အပေါ်ကို၊ အကျိုးသက်ရောက်စေနိုင်တယ်။ အထက်လူကြီး တစ်ယောက်က သူ့လက်အောက်ငယ်သား တစ်ယောက်ကို ပြောသလို၊ “အရေးကြီးတာက ငါတို့တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်ဖို့ မဟုတ်ဘူး၊ မင်းကငါ့ကို နားလည်ဖို့ပဲ” ဆိုတာမျိုးတွေကလဲ ရှိတယ်။
    မှန်ပါတယ်။ စာနာမှုတစ်ခုတည်း ရှိတာနဲ့ မပြီးသေးပါဘူး။ နံနက်စားတဲ့ အစာထဲ စာနာမှု ဆိုတာလေး ထည့်ပေးလိုက်လို့၊ ဘာမှဖြစ်မသွားဘူးဆိုတာ မှန်ပါတယ်။ ထိပ်တန်းခေါင်းဆောင်တွေက အောက်ဘက်က အမှုဆောင်အရာရှိတွေကို၊ အရည်အသွေး အပြည့်ရှိစေချင်တဲ့အကြောင်း၊ ထပ်တလဲလဲ ပြောတတ်ကြပါတယ်။ စာနာတတ်တယ် ဆိုပေမယ့်၊ ကိုယ့်ပတ်ဝန်းကျင်ကို သဘောမပေါက်နိုင်၊ အဓိပ္ပါယ်မကောက်တတ်၊ မဖွင့်တတ် ဖြစ်နေပြန်ရင်လဲ၊ စာနာမှုကို စနစ်တကျ အသုံးမချနိုင်ပြန်ဘူး။ တခြားလူတွေရဲ့ ပကတိအခြေအနေကို အမှန်အတိုင်း သိရှိအောင်၊ လေ့လာနိုင်စွမ်းကလည်း ရှိဦးမှ။ အခြေအနေတစ်ခုကို ဘက်ပေါင်းစုံက မြင်တတ်ဖို့ လိုသလို၊ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်တတ်ဖို့ကလဲ လိုသေး။
    စာနာတတ်မှုဆိုတာ၊ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့၊ ခံစားမှုဆိုင်ရာ အခြေခံတစ်ခုအဖြစ် ဆက်ရှိနေဆဲပါပဲ။
(HBR- Empathy is still lacking in the leaders who need it most)
ခင်မောင်ညို(ဘောဂဗေဒ)
E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
ဖိလစ်ပိုင်လေတပ်က သူပုန်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပစ်မှတ်လွဲချော်
မှုကြောင့် အစိုးရတပ်သား ၁၁ ဦးသေဆုံး
bullet
ဝါရှင်တန်ဒီစီ ထရန့်ဟိုတယ်အနီး၌ လက်နက်တင်ကားတစ်စီး ရှာဖွေတွေ့ရှိ
bullet
မိုဆူးမြို့ အနောက်ပိုင်း နယ်မြေ၏ ၉ဝ ရာခိုင်နှုန်းနီးပါး အီရတ်အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်
bullet
ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဖောက်ထွင်း ခံရမှုတွင် မြောက်ကိုရီးယား ဟက်ကာသမားများ ပါဝင်နိုင်
bullet
ဆိုမာလီယာနိုင်ငံတွင် မြေမြှုပ်ဗုံး ပေါက်ကွဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်ကိုးဦး
သေဆုံး
bullet
ပါကစ္စတန်တွင် မိုးရွာသွန်းမှု ဖြစ်စဉ်များကြောင့် လူ ၁၁ ဦးသေဆုံး
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved